Tuesday, June 18, 2013

တရားပွဲတွင် ဟောကြားခဲ့တဲ့ တရားအနှစ်ချုပ်

ရေနံချောင်းမြို့နယ်၊ သပွတ်စုရွာတရားပွဲ အမှတ်တရ၊ 16.06.2013

ဟောကြားပေးခဲ့သော တရားအနှစ်ချုပ်ကတော့

လူတိုင်း၊ သတ္တ၀ါတိုင်း မလွဲမသွေကြုံတွေ့ရမဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ သေခြင်းတရားပါပဲ။ အဲဒီသေခြင်းတရားဟာ သတ္တ၀ါတိုင်းခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေထက် သာလွန်ကြီးကျယ်လှပါတယ်။ အဲဒီလို ကြီးမားလှတဲ့ သေခြင်းတရားကြီး မိမိဆီရောက်လာတဲ့အခါ သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့၊ ပြုံးပျော်ရွှင်နဲ့ ဖြတ်သန်းသွားဖို့အတွက် ကုသိုလ်ကောင်းမှုတွေရှိမှ ဖြစ်မှာပါ။ ကုသိုလ်ကောင်းမှုတွေထဲက ရုပ်နာမ်သဘောတို့ရဲ့ ဖြစ်ပြီးရင်ပျက်တတ်တဲ့သဘော၊ ဖောက်ပြန်တတ်တဲ့သဘောတရားကို နားလည်သဘောပေါက်အောင် လေ့ကျင့်ပေးထားမှ သေခြင်းတရားဆင်းရဲကြီးကို မတုန်လှုပ်၊ မချောက်ခြား၊ မကြောက်လန့်ဘဲ ရင်ဆိုင်နိုင်ပါလိမ့်မယ်။

မိမိတို့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် သွားမဲ့ခရီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရသေးတာမို့ ကိုယ်တကယ်ကြုံတွေ့ခံစားရမဲ့ သေခြင်းတရားဆင်းရဲဒုက္ခကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် ဒါန၊ သီလ၊ သမထ၊ အထူးသဖြင့် ၀ိပဿနာ ဖြစ်ပျက်၊ ဖောက်ပြန်တတ်သဘောတရားတွေကို လေ့ကျင့်မှတ်သား ရှု့မှတ်ထားဖို့ လိုပါတယ်။ ဒါမှသာ သေခြင်းတရားဆင်းရဲကို ကောင်းမွန်စွာ ကျော်လွှားနိုင်ပြီး ကောင်းရာ သုဂတိဘုံကို ရောက်ရပါလိမ့်မယ်။

ဦးဇင်း မေးဖြေများကို ကော်နရှင်ခက်ခဲမှုကြောင့် ကွန်ပျုတာနဲ့ အင်တာနက်သုံးရချိန် နည်းပါးနေလို့ မရေးဖြစ်တာပါ။ သို့သော်လည်း ဦးဇင်းဆီ သိချင်တာများ ဖုန်းဆက်မေးတာကိုတော့ အားတဲ့ချိန်တိုင်း ဖြေပေးနေပါတယ်။ သိချင်တာများရှိပါက ဦးဇင်းဖုန်း ၀၉-၄၂၀၀၆၄၂၆၅ ကို ဆက်မေးကြပါလေ။

Saturday, June 1, 2013

ရှိခိုးနည်းလေးတော့ မှန်စေချင်

မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။

ဒါမှမဟုတ် ဗုဒ္ဓပေါ်ပြီးကာမှ ပေါ်ပေါက်လာတာလား။ ဟုတ်တယ်ဆိုရင် ရှိခိုးတယ်ဆိုတဲ့အပြုအမူကို ဗုဒ္ဓက တီထွင်ခဲ့တာလား။ ဗုဒ္ဓကို ကိုးကွယ်တဲ့လူတွေက တီထွင်ခဲ့တာလား။ ဘာအတွက်လဲ။


ဖြေ။ ။ ရှိခိုးခြင်းဆိုတဲ့ အပြုအမှုကို ကမ္ဘာဦးခေတ်ကာလကတည်းက ပေါ်လာခဲ့တာပါ။ လူတွေဆိုတာ အကြောက်တရားများ ဖြစ်ပေါ်လာပြီဆိုရင် အားကိုးချင်တဲ့စိတ်၊ မှီခိုချင်တဲ့စိတ်၊ ကယ်တင်မဲ့သူကို လိုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာဦးခေတ်ကတည်းက လူတွေဟာ သစ်ပင်၊ တော၊ တောင်စတဲ့အရာတွေကို နည်းမျိုးစုံနဲ့ ကိုးကွယ်ပူဇော်လာကြတာပါ။ သစ်ပင်တွေကို ကိုးကွယ်ကြတော့လည်း သူတို့ရဲ့ ကြောက်လန့်မှု၊ သဘာဝအန္တရာယ်ကျရောက်မှုတွေကနေ မလွတ်မြောက်တဲ့အခါကျတော့ မမြင်ရတဲ့ နတ်၊ ဗြဟ္မာများကိုပါ ကိုးကွယ်လာကြတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ဆိုတာ ဖြစ်လာခဲ့ပါတယ်။

လူတစ်ယောက်ဟာ တစ်ဦးဦးရှေ့မှာ ကြောက်လန့်ပြီ၊ အားကိုးချင်ပြီ၊ ကယ်တင်စေချင်လို့ဖြစ်စေ၊ တစ်ယောက်ယောက်က မိမိထက် အသိပညာ၊ အတတ်ပညာတစ်ခုခု သာလွန်နေလို့ဖြစ်စေ ကြုံလာတဲ့အခါမှာ သူ့အလိုလို ဒူးထောက်မှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို ဒူးထောက်မှုကနေ ဦးခေါင်းပါ မြေကြီးပေါ်ကို ကျရောက်လာတာပါပဲ။ ဒီလိုနဲ့ ဒူးထောက်၊ ဦးခေါင်းချခြင်းဆိုတဲ့ ရှိခိုးတဲ့ပုံစံဟာ ပေါ်လာခဲ့တာပါ။

နောက်ပိုင်းရောက်တဲ့အခါကျတော့ နယ်မြေကွာသွားတာအမျှ ပုံစံတွေလည်း ကွာခြားလာကြပါတယ်။ ခုခေတ်မှာကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရှိခိုးပုံတွေက မတူညီတာကို တွေ့နေရပါတယ်။ ဥပမာ-တိဗက်ဘုန်းကြီးများ ရှိခိုးကန်တော့တဲ့အခါ မတ်တတ်ရပ်ကနေ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်ပြီး လက်ကိုဆန့်တန်းထားကာ မြေကြီးပေါ်မှာ ခန္ဓာကိုယ်ကိုမှောက်လျက် ပြားပြားဝပ်လိုက် မတ်တတ်ပြန်ရပ်လိုက်နဲ့ ရှိခိုးကြပါတယ်။

ရှိခိုးတဲ့အပြုအမှုဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ မဟာဗုဒ္ဓ၀င်မှာ ဘုရားလောင်း သိဒ္ဓတ္တမင်းသားအား ကာဠဒေ၀ိလရသေ့ကို ရှိခိုးခိုင်းခြင်း၊ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းက သားဖြစ်သူဘုရားလောင်းကို ရှိခိုးခဲ့ခြင်းတို့ ပါဝင်နေတာကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီတာကို တွေ့ရပါတယ်။ တချို့က လက်အုပ်ချီပြီး မတ်တပ်ရပ်ရှိခိုးတာတို့၊ တချို့က ပျင်ပလ္လင်ခွေထိုင်ပြီး ရှိခိုးတာတို့ မျိုးစုံပါပဲ။ အဲဒီတော့ ပြင်ပရှိခိုးနည်းတွေကို မပြောတော့ဘဲ ဗုဒ္ဓစာပေမှာ ရှိခိုးခြင်းနဲ့ပတ်သတ်ပြီး ဘယ်လိုဟောထားတယ်ဆိုတာသိရှိဖို့က အဓိကကျတာမို့ ဗုဒ္ဓစာပေတွင် လာရှိတဲ့ ရှိခိုးနည်းများကို ရေးသားတင်ပြပေးပါမယ်။ ဗုဒ္ဓစာပေမှာ ရှိခိုးနည်းနဲ့ပတ်သက်လို့ (၁) ကာယဝန္ဒနာ။ (၂) ၀ါစာဝန္ဒနာ။ (၃)မနောဝန္ဒနာဆိုပြီး ရှိခိုးခြင်း (၃)မျိုးရှိပါတယ်။

၁။ နှုတ်ကမဆိုဘဲ လက်အုပ်ချီ ဦးညွတ်ဝတ်ချ ရှိခိုးတာကို ကာယဝန္ဒနာ။
၂။ နှုတ်ကနေ သြကာသ၊ နမောတဿစတာ တစ်ခုခုရွတ်ဆိုပြီး ရှိခိုးတာကို ၀ါစာဝန္ဒနာ။
၃။ ကိုယ်ရော နှုတ်ရောမပါဘဲ စိတ်နဲ့အာရုံပြု ရှိခိုးတာကို မနောဝန္ဒနာလို့ ခေါ်ပါတယ်။ (အံ၊ ၁၊ ၂၉၈)။ (ခုဒ္ဒမူလ၊ သိက္ခာ၊ ၂၃၉)

အဲဒီသုံးအပါးအနက် ကိုယ်ဖြင့်ရှိခိုးရတဲ့ (ကာယဝန္ဒနာ)မှာ
(၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ (၂) ပဉ္စပတိဋ္ဌိ ဝန္ဒနာ။ (၃) အတိဂါရ ဝန္ဒနာ။ (၄) ထေရ ဝန္ဒနာလို့ (၄)မျိုးရှိကြောင်း ကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။

 (၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ ။ ထိခြင်းကြီးငါးပါးနဲ့ ရှိခိုးခွင့် မဖြစ်နိုင်တဲ့အခါများမှာ လက်အုပ်လေးချီပြီး ရှိခိုးခြင်းကို ဆိုလိုတာပါ။ ဥပမာ-သန္တတိအမတ်ကြီးဟာ လူဝတ်ကြောင်နဲ့ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ပေါ်ပျံနေတဲ့အတွက် မြတ်ဗုဒ္ဓကို ကောင်းကင်ပေါ်ကနေ လက်အုပ်ချီ ရှိခိုးခြင်းမျိုး၊ တစ်ခါ ရှင်ဒေ၀ဒတ်နဲ့သူ့ဖခင်တို့ မြေမျိုတဲ့အခါ မြတ်ဗုဒ္ဓအား ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့အခွင့်မသင့်တဲ့အခါ မတ်တပ်ရပ်လျက်ပင် ရှိခိုးရတဲ့အခါမျိုးတို့မှာ ရှိခိုးခြင်းတို့ကို အဉ္ဇလီကမ္မ၀န္ဒနာလို့ ခေါ်ပါတယ်။ တချိုနေရာတွေမှာ ရဟန်းတော်များကို ဖူးမြင်ရတဲ့အခါ ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့ အခွင့်မသာဘဲ ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ အဉ္ဇလီကမ္မဝန္ဒနာနဲပဲ ရှိခိုးရပါတယ်။ အကျယ်သိချင်ပါက သုတ္တနိပါတ်အဋ္ဌကထာ၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ဋ္ဌ၊ ၂၊ ၇၇)တွင် ကြည့်ရှု့နိုင်ပါတယ်။

(၂) ပဉ္ဗပတိဋ္ဌိ ဝန္ဒနာ။ ။ ခြေ၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်၊ ဦးခေါင်းငါးခုတို့ကို အညီအမျှပြုပြီး ကိုင်းညွှတ်ကာ ရှိခိုးအပ်တဲ့အမူအရာကို ပဉ္စပတိဋ္ဌိဝန္ဒနာလို့ ခေါ်ဆိုကြောင်း (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)မှာ ဖွင့်ဆိုပြထားပါတယ်။ (၁) ခြေဖျားတို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၂)ဒူးဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၃) တံတောင်ဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၄)လက်ဖ၀ါးတို့ မြေ(ကြမ်းပြင်)မှာတည်ရှိရမယ်။ (၅) နဖူးကို မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ အဲဒီ(၅)ချက်နဲ့ပြည့်စုံတဲ့ ရှိခိုးခြင်းကို ပဉ္စပတိဋ္ဌိ ရှိခိုးခြင်းလို့ ခေါ်ပါတယ်။ ခြေ၊လက် ၊ နဖူး ၊တစ်တောင်၊ ဒူး ငါးဦးညီမှသာလို့ဆိုတဲ့အတိုင်းပါပဲ။

(၃) အတိဂါရ ဝန္ဒနာ။ ။ အတိဂါရ ဝန္ဒနာဆိုတာက တည်(ထိ)ခြင်းကြီးငါးပါးနဲ့ ရှိခိုးပြီးတဲ့နောက် ခြေကိုဖက်ခြင်း၊ ပွတ်ခြင်း၊ မျက်နှာနဲ့ အပ်ခြင်းတို့ဖြင့် လွန်လွန်ကဲကဲ ရိုသေမြတ်နိုးတဲ့အမူအရာနဲ့ ရှိခိုးခြင်းကို အတိဂါရ ဝန္ဒနာလို့ ခေါ်ပါတယ်။

ထိုအတိဂါရ ဝန္ဒနာ နဲ့စပ်လို့ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့မှာ အလွန်မာနကြီးတဲ့ ပုဏ္ဏားတစ်ဦးရှိခဲ့ဖူးတယ်။ သူ့နာမည်က မာနတ္ထဒ္ဓလို့ ခေါ်ပါတယ်။ သူဟာ အခြားခြားသော မိတ်ဆွေသူငယ်ချင်းများအပေါ်မှာ မာနကြီးရုံတင်မက ကိုယ့်ရဲ့ မိခင်ဖခင်တို့အပေါ်မှာတောင် မာနမချ။ ဒါကြောင့် မိဘများကိုလည်း ရှိမခိုး၊ ဆရာသမားကိုလည်း မရိုသေ၊ အစ်ကိုကြီး အစ်မကြီးများကိုလည်း မလေးစားဘဲ ရှိနေတယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိသတ်များကို တရားဟောတော်မူနေပါတယ်။ ထိုအခိုက် တရားပွဲရှိရာသို့ မာနတ္ထဒ္ဓပုဏ္ဏား ရောက်လာပါတယ်။

“ငါ့ကို ရဟန်းဂေါတမက စတင်ပြီးစကားပြောမှ ငါ စကားပြန်ပြောမယ်” လို့ စိတ်အကြံနဲ့ စကားမပြောဘဲ နေခဲ့ပါတယ်။ ဘုရားရှင်ကလည်း မာနနဲ့ထိုင်နေတဲ့ ပုဏ္ဏားကို စကားမပြောဘဲနေလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ရဟန်းဂေါတမဟာ ငါလို ဇာတ်မြင့်တဲ့သူက တရားနာလာတာတောင် နှုတ်ဆက်စကား ပြောခြင်းမရှိ၊ ငါ့ရဲ့စိတ်အကြံကိုလည်း သိပုံမရပါဘူး။ သိစရာအားလုံးကို သိတယ်ဆိုတာ ဟုတ်ဟန်မတူပါဘူးလေ” လို့တွေးပြီး ထပြန်ဖို့ ဟန်ပြင်ပါတော့တယ်။ အဲဒီအခါကျမှ ဘုရားရှင်က ပုဏ္ဏားရဲ့စိတ်အကြံကို သိတော်မူတဲ့အတွက် “အသင်ပုဏ္ဏား….မိမိအကျိုးလိုလားတဲ့သူများဟာ မာန်မာနထောင်နေလို့ ဘာအကျိုးထူးလာမှာလဲ၊ အကျိုးမရတဲ့အပြင် အရှုံးသာအဖတ်တင်မှာပေါ့။ မိမိက အကျိုးလိုလားလို့ လာခဲ့တယ်ဆိုရင် ထိုအကျိုးတရားများ တိုးပွားအောင် ပြုလုပ်ဖို့လိုတာပေါ့” လို့ မိန့်တော်တော်မူလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ငါ့ရဲ့စိတ်အကြံကို ဘုရားရှင် သိတော်မူနေပါလား” ဆိုပြီး စိတ်အားတက်ကြွ ဝမ်းသာကြည်ညိုမှုတွေ ဖြစ်ခဲ့ရပြီး၊ ဘုရားရှင်ရဲ့ ခြေတော်အစုံကို သူ့ရဲ့ဦးခေါင်းနဲ့ပွတ်တိုက်၊ ပါးစပ်နဲ့လဲ စုပ်ကာ လက်နဲ့လဲ ဆုပ်နယ်ပြီး ရှိခိုးနေပါတော့တယ်။ အဲဒီလိုရှိခိုးခြင်းကို အတိဂါရဝန္ဒနာလို့ ခေါ်ပါတယ်။ တဖန် အညာသိကောဏ္ဍညမထေရ်က ဘုရားရှင်အား ပရိနိဗ္ဗာန်စံဖို့အကြောင်း လျှောက်ထားပြီးတဲ့နောက် ရှိခိုးတဲ့အခါမှာလည်း အတိဂါရဝန္ဒနာဖြင့် ရှိခိုးခဲ့တာကို တွေ့ရပါတယ်။ (သံ၊ ၁၊ ၁၈၀)

(၄) ထေရဝန္ဒနာ။ ။ သီတင်း(သိက္ခာဝါ)ငယ်တဲ့ရဟန်းက မထေရ်ကြီးများအား ရှိခိုးတာကိုတော့ ထေရဝန္ဒနာလို့ ခေါ်ပါတယ်။ ထိုရှိခိုးနည်းမှာ (စံပယ် လက်အုပ် ခြေဆုပ် ချစ်ခင် ရိုသေထင် ငါးအင်ရှိခိုးနည်း)ဆိုတဲ့ လင်္ကာနဲ့အညီ ရဟန်းငယ်များက သိက္ခာဝါကြီးသော ဆရာတော်ကြီးများကို ရှိခိုးတဲ့အခါ (၁)လက်ယာပုခုံးကိုသင်္ကန်းနဲ့ မခြုံရုံရ လက်ယာပုခုံးကို ဖေါ်ပြီး လက်ဝဲလက်ပေါ်မှာ လက်ကတော့ စံပယ်တင်ရုံရပါမယ်။ (၂) လက်အုပ်ချီရမယ်။ (၃) ရှိခိုးတဲ့အခါ မထေရ်ကြီးရဲ့ခြေကို လက်ဖြင့် ဆုပ်ကိုင်ရမယ်။(၄) ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေရပါမယ်။ (၅) လေးစားမြတ်နိုးတဲ့ အမူအရာရှိရမယ်။ ထိုအင်္ဂါ (၅)ချက်နဲ့ ရဟန်းငယ်က မထေရ်ကြီးများ ရှိခိုးခြင်းကို ထေရဝန္ဒနာလို့ ခေါ်ပါတယ်။  (သုတ္တနိပါတ်ပါဠိတော်၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ပါ၊ ၃၃၀)။ (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)၊ (မဟာသုတဒီပနီကျမ်း၊ ပထမတွဲ)
ယခု ဖော်ပြခဲ့တဲ့ ရှိခိုးနည်းများကတော့ ကျမ်းဂန်လာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ကျင့်သုံးတဲ့နည်းများ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ရှိခိုးနည်းနဲ့ပတ်သက်ပြီး ပြည့်စုံလောက်ပြီမို့ ဒီမျှနဲ့ပဲ နိဂုံးချုပ်ရင်း ရှိခိုးနည်းလေး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်..........။

အရှင်ကောမလ ဆန်နီနေမင်း
ခေတ္တ-မြန်မာပြည်၊ ဖုန်း၊ ၀၉-၄၂၀၀၆၄၂၆၅

Friday, April 5, 2013

အကျွမ်းမ၀င်သင့်တဲ့အရာ(၄)မျိုး

၁။ အရင်က ပေါင်းဖော်ဖူးခဲ့တဲ့ သူခိုး။ (ကိုယ့်သူငယ်ချင်းဆိုပြီး အကျွမ်းမ၀င်သင့်)
၂။ အရင်က ခင်းအိပ်ခဲ့ဖူးတဲ့ သစ်ခက်။ (အမှိုက်မဖြစ်အောင် မီးရှို့သင့်)
၃။ မိမိကို ချီးမြှောက်ပူဇော်ခဲ့တဲ့ မင်း။ (မိမိကိုချီးမြှောက်ဖူးတဲ့မင်းဆိုပြီး မျက်နှာသာပေးမယ် မထင်နဲ့)
၎။ မိမိအလိုကို လိုက်ခဲ့ဖူးတဲ့ မိန်းမ။ (မိမိအလိုလိုက်တဲ့မိန်းမဆိုပြီး သူသဘောမလိုက်လေနဲ့။)
၁။ မိမိနဲ့ခင်ခဲ့ဖူးတဲ့ သူခိုးဆိုပြီး သူ့အလို မလိုက်နဲ့၊ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။
၂။ ငါခင်းအိပ်ခဲ့ဖူးတဲ့သစ်ခက်လေးဆိုပြီး သစ်ခက်ကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ကောင်းကျိုးဖြစ်မှာမဟုတ်ဘူး။
၃။ ငါ့ကို ချီးမြှောက်ပေးခဲ့ဖူးတဲ့မင်းပဲဆိုပြီး ငါ့ကိုညှာတာလိမ့်မှာ မဟုတ်ဘူး။
၎။ ငါ့အလိုကိုလိုက်ခဲ့ဖူးတဲ့မိန်းမဆိုပြီး အခွင့်ရမယ်မထင်နဲ့၊ ညှာတာလိမ့်မှာ မဟုတ်ဘူး။ အဓိကကတော့ ငါပိုင်တယ်၊ အေးဆေးပါဆိုတဲ့သဘောမျိုး မလုပ်ဖို့ပါပဲ။ အဲဒီလိုသဘောမျိုးနဲ့ အကျွမ်းဝင်လိုက်ရင် မှားလိမ့်မယ်လို့ ဆိုလိုခြင်းပါ။

(မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ စာမျက်နှာ-၂၂၉) (မ၊ ဋ္ဌ၊ ၃၊ ၂၂၉)

Wednesday, April 3, 2013

တဏှာကြောင့်ဖြစ်ပေါ်လာသော တရား(၉)ပါး

၁။ လိုချင်မှုတဏှာကို အကြောင်းပြုပြီး ရှာမှီးရခြင်း။
၂။ ရှာမှီးခြင်းကြောင့် ရရှိလာတာကို စွဲမှီနေခြင်း။
၃။ ရရှိလာတာကို အသုံးချဖို့ရန် စိတ်ပိုင်းဖြတ်ရခြင်း။
၎။ စိတ်ပိုင်းဖြတ်ခြင်းကို စွဲမှီနှစ်သက် တပ်မက်မှု ဆန္ဒရာဂဖြစ်ခြင်း။
၅။ ဆန္ဒရာဂဖြစ်ပြီး ရှာဖွေထားတာလေးကို ငါ၊ ငါ့ဥစ္စာဟု မှတ်ထင်နေခြင်း။
၆။ ရရှိလာတာလေးကို သိမ်းဆည်းရခြင်း။
၇။ သိမ်းဆည်းထားတာလေးကို နှမြှောဝန်တိုနေခြင်း။
၈။ ရရှိလာတာလေးကို စောင့်ရှောက်နေရခြင်း။
၉။ စောင့်ရှောက်နေရခြင်းကြောင့် တုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ရခြင်း၊ ခိုက်ရန်ဖြစ်ရခြင်း၊ ငြင်းခုံရခြင်း၊ ကုန်းတိုက်ခြင်း၊ မဟုတ်မမှန်ပြောခြင်းစတဲ့ မကောင်းမှုအကုသိုလ်များ ဖြစ်ပွားနေရခြင်း။ (ဒီ၊ ၃၊ ၂၅၂။ အံ၊ ၃၊ ၂၀၁။)

Monday, April 1, 2013

တရားနာသော် မဂ်ဖိုလ်ရကြောင်းတရား(၅)ပါး

၁။ သူ၏ဂုဏ်ကို ချေဖျက်လိုစိတ်မရှိဘဲ နာယူခြင်း။
၂။ အပြစ်တင်လိုစိတ်မရှိဘဲ နာယူခြင်း။
၃။ တရားဟောပုဂ္ဂိုလ်ကို ထိပါးပုတ်ခတ်လိုစိတ် မရှိခြင်း။
၎။ ပညာရှိပြီး မမိုက်မဲ မဆွံ့အခြင်း။
၅။ မိမိ မသိတဲ့အရာကို သိတယ်လို့ မှတ်ထင်လေ့မရှိခြင်း။ (အံ၊ ၂၊ ၁၅၄-၅)

(07.04.2013) မှစ၍ အရှင်ကောမလ ဆန်နီနေမင်း တရားဟောခရီးစဉ်များ စတင်ပါလိမ့်မည်။ အရှင်ကောမလတရားများ နာချင်ပါက ဘယ်နေ့ဘယ်နေရာမှာဟောမည်ဆိုတာ အရှင်ကောမလဖုန်း (၀၉-၄၂၀၀၆၄၂၆၅) ကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း။
 
 

တမလွန်ဘ၀တွင် ကြီးပွားချမ်းသာချင်ရင်

တချို့က အရှင်ဘုရား တပည့်တော်တို့ ဘာကြောင့် ဆင်းရဲနေရတာလဲလို့ မေးကြပါတယ်။ အဲဒီလို မေးတဲ့အခါ ဦးဇင်းက မင့်တို့အရင်ဘ၀က တမလွန်ဘ၀ ကြီးပွားချမ်းသာကြောင်းတရားတွေနဲ့ မပြည့်စုံခဲ့လို့ပဲလို့ ပြန်ဖြေခဲ့ပါတယ်။ နောက်မေးချင်သူများလည်း သိရှိပြီးသားဖြစ်အောင်၊ မမေးချင်ပေမဲ့ မသိသေးသူများလည်း သိရှိရအောင် မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ တမလွန်ဘ၀ ကြီးပွားချမ်းသာကြောင်းတရားများကို ရေးသားတင်ပြပေးလိုက်ပါတယ်။

တမလွန်ဘ၀တွင် ကြီးပွားချမ်းသာချင်ရင် မျက်မှောက်ဘ၀မှာ

၁။ သဒ္ဓါတရားနဲ့ပြည့်စုံရမယ်။
၂။ အကျင့်သီလနဲ့ပြည့်စုံရမယ်။
၃။ ပေးကမ်းစွန့်ကြဲမှုနဲ့ ပြည့်စုံရမယ်။
၎။ အဖြစ်အပျက်ကို ထိုးထွင်းသိတဲ့ပညာနဲ့ ပြည့်စုံရမယ်။ (အံ၊ ၃၊ ၁၁၀-၁၁၃)

Friday, March 29, 2013

တရားနာသော် မဂ်ဖိုလ်ရကြောင်းတရား(၅)ပါး

၁။ သူ၏ဂုဏ်ကို ချေဖျက်လိုစိတ်မရှိဘဲ နာယူခြင်း။
၂။ အပြစ်တင်လိုစိတ်မရှိဘဲ နာယူခြင်း။
၃။ တရားဟောပုဂ္ဂိုလ်ကို ထိပါးပုတ်ခတ်လိုစိတ် မရှိခြင်း။
၎။ ပညာရှိပြီး မမိုက်မဲ မဆွံ့အခြင်း။
၅။ မိမိ မသိတဲ့အရာကို သိတယ်လို့ မှတ်ထင်လေ့မရှိခြင်း။ (အံ၊ ၂၊ ၁၅၄-၅)

Wednesday, March 27, 2013

ညာဘက်အိပ်လျက်သေခြင်းနဲ့ပတ်သတ်၍

မေး။ ။ ကောင်းရာဘုံရောက်သူတိုင်းက ခေါင်းညာစောင်းပြီးသာ ကွယ်လွန်တတ်သည်ဟူသောအယူ မှန်ပါသလားဘုရား။

ဖြေ။ ။ အိပ်ပုံအိပ်နည်း(၄)မျိုး

၁။ လက်ဝဲဘယ်ဘက်စောင်းပြီးအိပ်သူသည် ကာမဂုဏ်ခံစားသော ပုဂ္ဂိုလ်တို့အိပ်ခြင်းနဲ့တူ၏။
၂။ လက်ယာညာဘက်စောင်းပြီးအိပ်သူသည် ခြင်္သေ့မင်းအိပ်ခြင်းနဲ့တူ၏။
၃။ ပက်လက်အိပ်သူသည် ပြိတ္တာအိပ်ခြင်းနဲ့တူ၏။
၎။ ဈာန်တရားဖြင့်အိပ်ခြင်းသည် ဘုရားရှင်တို့ အိပ်ခြင်းနဲ့တူ၏။ (အံ၊ ၁၊ ၅၆၆)

မြတ်ဗုဒ္ဓမိန့်ကြားခဲ့တာကတော့ အရိယာပုဂ္ဂိုလ်တွေသာ သေပြီးနောက် လားရာဂတိမြဲတယ်။ ပုထုဇဉ်တွေဟာ လားရာဂတိဘုံဌါန မမြဲဘူးလို့ ဟောကြားထားခဲ့တာကို ထောက်ဆကြည့်မယ်ဆိုရင် ပုထုဇဉ်တွေဟာ ဦးခေါင်းညာဘက်စောင်းပြီး သေရုံနဲ့ လားရာဂတိကောင်းတယ်လို့ သေချာမပြောနိုင်ဘူး ထင်ပါတယ်။

ရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးရှိစဉ်ကတော့ ပုထုဇဉ်ပုဂ္ဂိုလ်တွေနဲ့ပတ်သတ်ပြီး ဘယ်သူတွေကတော့ ဘယ်လိုကောင်းမှုလုပ်လို့ ဘယ်ဘုံရောက်တယ်၊ မကောင်းမှုလုပ်တဲ့သူတွေကတော့ အပါယ်လေးဘုံမှာ ဘယ်ဘုံရောက်တယ်ဆိုပြီး ပြောပြခဲ့ဖူးပါတယ်။

ဒါကြောင့် သာမန်ပုထုဇဉ်တွေအနေနဲ့တော့ သေပြီးနောက် ဘယ်ဘုံရောက်မယ်ဆိုတာ တန်ခိုးကြီးလှတဲ့ မြတ်ဗုဒ္ဓ၊ ရဟန္တာများလောက်သာ ပြောပြပေးနိုင်မှာဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များကတော့ ခန့်မှန်းခြေသာ ပြောပြနိုင်ပါလိမ့်မယ်။ အခု ပြောနေကြတဲ့ ဦးခေါင်းညာစောင်းသေရင် ကောင်းရာဘုံရောက်တယ်ဆိုတဲ့ အယူဆဟာ မြတ်ဗုဒ္ဓက ဦးခေါင်းကို ညာဘက်စောင်း အနားယူခြင်း၊ ပရိနိဗ္ဗာန်စံခြင်းကို အတုယူပြီး ညာဘက်ဦးခေါင်းစောင်း သေတဲ့သူဟာ ကောင်းရာသုဂတိရောက်တယ်လို့ ခန့်မှန်းခြေပြောခြင်းသာ ဖြစ်တယ်လို့ ယူဆမိပါတယ်။ တကယ်တော့ သေခါနီးမှာ ပြုံရွှင်စွာဖြင့် မငြီးမညူဘဲ သေခြင်းတရားကို အေးဆေးရင်ဆိုင်ပြီး တရားနဲ့သေသူသာ ကောင်းရာသုဂတိကို ရောက်တယ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။
Powered by Blogger.